4/30/2007

0 Comments
Posted in Arrangement, Art, Business

အင်တာနက်၊ မြန်မာပြည် နှင့် ရိုးရာဓလေ့များ (၃)

အရင်ပို့စ်တုန်းက ၂၀၀၀-၀၁ မြန်မာပြည်ရဲ့ အင်တာနက် အခြေအနေဘယ်လိုဆိုတာ ရေးခဲ့ပြီးဖြစ်သည်။ ဒီဘလော့ခ်မှာ ရေးတင်လိုက်တဲ့ အကြောင်းအရင်းကတော့ အဲ့တုန်းက ဘာမှန်းမသိလိုက်သူတွေလည်း အဲ့ဒီပို့စ်လေး ဖတ်ပြီး .. အော် အဲ့တုန်းက အဲ့လိုပါလား ဆိုပြီး သဘောပေါက်သွားစေချင်တာဖြစ်သည်။

နောက်ပိုင်း ၂၀၀၄-၅ တွင် နက်ဆိုင်တွေ အတော်လေးပေါ်လာပါတယ်။ KMD တို့ YanKin Center တို့တွင် နက်ဆိုင်တွေရှိလာသည်။ တစ်နာရီကို ၁၂၀၀ ပေးရသည်။ ထုံးစံအတိုင်း နှေးသည်။ နက်သုံးမည်ဆိုလျှင် စိတ်ရှည်ဖို့ အရင်လေ့ကျင့်ရမည်။ ထိုနှစ်များအတွင်းတော့ မန္တလေးတွင် နက်ဆိုင်ရှိသည် မရှိသည်ကိုတော့ အသိအကျ မသိပါ။ ပြင်ပက ဆိုက်တွေကို ၀င်လျှင် အလွန်ကြာသည်။ ဆိုက်တော်တော်များများကိုလည်း မြန်မာ့ဆက်သွယ်ရေးရဲ့ ကျေးဇူးတော်ကြောင့် ၀င်မရပါ။

မြန်မာပြည်တွင် ရိုးရာဓလေ့ရှိသည်။ လွယ်တာကို ခက်အောင်၊ မြန်တာကို နှေးအောင် သူတို့လုပ်ကြသည်။ ဒီဓလေ့ကို သူတို့ စွဲကိုင်ထားကြသည်။ အော်.. တယ်လဲ အစွဲကြီးပါလားနော်လို့ စိတ်ထဲက တွေးမိသည်။

သိသလောက်ပြောရရင် အဲ့ဒီအချိန်က တစ်နိုင်ငံလုံးစုစုပေါင်း bandwidth မှာ 8mbs ပင်မပြည့်။ ဒါကြောင့် ပြင်ပဆိုက်တွေကို ကြည့်လျှင် ကြာတာဖြစ်သည်။ ဂျပန်တို့ ကိုရီးယားတို့မှာ အိပ်တိုင်းတွင် ဒီထက်မြန်သော bandwith တွေရှိသည်။ အော် .. ကွာပုံများပြောပါတယ်။ မှတ်ထားပါ.. အဲ့လောက်ကွာသည်ပေါ့။

ပိုဆိုးတာက မြန်မာ အင်တာနက်တွင် အာဏာသိမ်းမူ ဖြစ်သည်။ ပုဂံကို သူတို့ ယူလိုက်ကြသည်ပေါ့။ ပြီးတော့ ဘာတဲ့.. မြန်မာတယ်လီပို့ ဆိုလား အမည်ပြောင်းသည်။ လုပ်ပုံကို ကြည့်ပါ။ ရိုးရာအတိုင်း ပိုင်ရှင်ပြောင်းသည် နာမည်ပြောင်းသည်။ အော် ဒါလည်း ဓလေ့ပင်ဖြစ်မည်။

ကောင်းမယ့်လို့လုပ်ခါစ မြန်မာ အင်တာနက်လေး ဦးကျိုးသွားသည်။ ဒီလို အလွှဲအပြောင်းတွေ မလုပ်ခင်ကတည်းက ရန်ကုန်မြို့ထဲတွင် ADSL တွေ ရာနှင့်ချီထပ်ချသွားပေးပို့ အစီအစဉ်ရှိသည်။ ပိုင်ရှင်ပြောင်းပြီးတော့ ဒီအစီအစဉ်ကို အကောင်အထည်ပေါ်ရန် နိုင်ငံခြားမှ (ဘယ်နိုင်ငံမှန်းသေချာမသိပါ) ADSL modem တွေ ရာနှင့်ချီဝယ်သည်။ ၀ယ်ပေးသည့် အ၀ယ်တော်ရဲ့ ကျွမ်းကျင်မူကြောင့် ထို ADSL modem တွေမှာ မြန်မာပြည်က host တွေနှင့် အလုပ်မလုပ်ပေ။ ထိုစက်အသစ်တွေကို အလုပ်လုပ်အောင် host ကိုပါလဲရမည်။ ဖြစ်ပုံကတော့ အဲ့လိုဗျ။ သူတို့နှင့် သူတို့ရဲ့ အ၀ယ်တော်များပေါ့..။

ဒါနဲ့ပဲ ရန်ကုန်တွင် ထပ်ချပေးမည့် ADSL များမှာ ထွက်မလာတော့။ ၀ယ်ထားမိသမျှ စက်အသစ်များမှာလည်း ဒီတိုင်း ငုတ်တုတ်။ နောက်ပေါ့ ADSL လျှောက်လွှာတွေ ပိတ်ထားလိုက်တဲ့ သတင်း ထွက်လာသည်။ အော်.. ဒါလည်း ဓလေ့ပင် ဖြစ်မည်။

ကျွန်တော်စဉ်းစားသည် မြန်မာပြည်တွေ နေလျှင်တော့ မြန်မာ့ရိုးရာ "ဓလေ့" တွေနှင့် အသားကျအောင် နေနိုင်မှ ဖြစ်သည်။ ဒီစာရေးပြီးသွားတော့ သက်ပြင်းချရာတွင်ပင် ဓလေ့၊ ဓလေ့ဆိုသည့် အသံကို ခပ်သဲ့သဲ့ ကြားနေရသည်။

4/21/2007

0 Comments
Posted in Arrangement, Art, Business

World Blog Day, အင်တာနက်, မြန်မာပြည်နှင့် မြန်မာဘလော့ခ်ဂါ (၂)

ဘလော့ခ်ရေးသူတွေ စုစုစည်းစည်းနဲ့ ကမ္ဘာ့ ဘလော့ခ်နေ့မှာ မြန်မာပြည်မှာ စာအုပ်ထုပ်ဖို့ လုပ်နေကြပါတယ်။

ဘလော့ခ်ရေးသူတွေက တစ်ကမ္ဘာလုံးက မြန်မာတွေ ဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ရတဲ့ အခါမျိုးမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။ ဘာပဲပြော မြန်မာပြည်မှာ ဘလော့ခ်ရေးသူတွေ များလာတာကို ကျေးဇူးတင်ရမည်။

ပြင်ပရောက်နေသူက စိတ်ကူး ၊ အကြံညဏ်သာ ပေးနိုင်သည်၊ ကူညီနိုင်သည် မဟုတ်လော့။ ဒီစာအုပ်ကို ဘလော့ခ်ရေးသားသူ အမာခံ ဆယ်ဂဏန်းလောက်က ဦးဆောင် ထုတ်ဝေကြမည်။

ဒီအကြောင်းနဲ့ ပတ်သက်ရင် forum5 က myanmarbloggers ဖိုရမ်တွင် သွားဖတ်နိုင်ပါတယ်။

လက်ရှိ ၂၀၀၇ April လထိ စာရင်းအရ မြန်မာဘလော့ခ်ဟာ ၂၀၀ အောက်မှာဘဲရှိနေသေးပါတယ်။ ဒီ ၂၀၀ တွင် ၂၀ လောက်က active မဖြစ်။ ကျန် ၃၀ လောက်က သူများရေးလို့ လိုက်ရေးသည်။ မြန်မာ ဘလော့ခ်အသိုင်းအ၀ိုင်းမှာ တစ်ယောက်ကို တစ်ယောက်သိကြသည်။ အသိုင်းအ၀ိုင်းကဲ့သို့ ဖြစ်နေသည်။ သို့သော် အသိုင်းအ၀ိုင်းမှာ အားလုံးရောနေသည်။ ကွန်ပြူတာ သမားတွေပါသည်၊ ကဗျာရေးသူများပါသည်၊ ဟိုမရောက် ဒီမရောက်သမားတွေ ပါသည်။

သန်း ၅၀ လောက်(ကျော်)ရှိသော မြန်မာပြည်တွင် ဘလော့ခ်သိသူ ရာဂဏန်းမျှရှိမည်၊ တကယ်ရေးသူ ဆယ်ဂဏန်းရှိသည်။ မြန်မာပြည်ရဲ့ အင်တာနက်သုံးစွဲသူအရေအတွက်ဟာ စီအိုင်အေက စာရင်းများအရ ဆိုမားလီးယား (somalia) ၊ အီသီရိုးပီးယား (Ethiopia) တို့ထက်နည်းပါတယ်။ ကျန်တာတော့ ဆက်စပ်တွေးကြည့်ပါတော့။ သို့သော် ဒီဂဏန်းက ၂၀၀၅ ခုနှစ်ကပါ။ လက်ရှိ အနေအထားမှာတော့ မြန်မာပြည်မှာလည်း နက်ဆိုင်တွေ များလာတာကြောင့် သုံးစွဲသူအရေအတွက်လည်း တိုးပွားလာမည်မှာတော့ သေချာသည်။

မှတ်မိသေးသည်။ ၂၀၀၀ ၊ ၀၁ တွင် မြန်မာပြည်တွင် အင်တာနက် သုံးသူ ၂၀ အောက်သာရှိသည်။ အစိုးရ ဋ္ဌာနများနှင့် အခွင့်ထူးခံလူများသာဖြစ်သည်။ Yahoo Homepage ကို ၁၀ မိနစ်ကြာအောင် စောင့်ရသည်။ ကျွန်တော်မှာ Yahoo Hompage ကို ဆယ်မိနှစ်ကြာအောင် Render လုပ်သင်ကို အထူးအဆန်းဖြင့် ကြည့်ခဲ့ရဘူးသည်။ စာရွက်တစ်ရွက်တောင်းပြီးရင် အပြင်တစ်ပတ် ထွက်နိုင်သည်။

အဲ့ဒီအချိန် (၂၀၀၀ ၊ ၂၀၀၁) က အီးမေးလ်မှာလိုချင်လျှင် မြန်မာ့ဆက်သွယ်ရေးကို သွားရသည်။ သူ့တို့ပေးချင်သူကိုမှာပေးသည်။ mpt.mail.mm စသည့် ရှည်လျားသည်း လိပ်စာမျိုးဖြစ်သည်။ ဒါအီးမေးလ်ကို တဂျီဂျီ တဂြီဂြီ မြည်သည့် modem အသုံးပြုကာ ၀င်ရသည်။

မိဘများကျေးဇူးတော်ကြောင့် ၂၀၀၂ တွင် နိုင်ငံခြားရောက်လာသည်။ မြန်မာပြည်တွင် ရင်းနှီးခဲ့သည့် အင်တာနက်ဆိုသည်မှာက ခပ်နှေးနှေး အေးအေးဆေးဆေးမလား။ ဒီဘက်က အင်တာနက်ကတော့ မြန်မာပြည်ကလာသူ ကျွန်တော့အတွက် မြန်လှသည်။

Google ကိုလည်း မသုံးတတ်၊ Yahoo မေးလ်ကို အခြားသူကို ဖွင့်ခိုင်းရသည်။ အဲ့လောက်ကို နက်နှင့် ပတ်သက်ရင် ကျွမ်းကျင်သည်။